အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ (၁)
- Details
- Category: အင်္ဂလိပ်စာကဏ္ဍ
- Published on Wednesday, 02 January 2013 11:34
- Written by ကိုကိုနိုင်

သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊ တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့ အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။
သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက
- ကိုယ့်ကိုယ်ကို သိပါ
- ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ
- ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ့နည်းလမ်းတွေကို သိပါ
- ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ
ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး
ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။ စိတ်ပျက်ပြီး ဘေးထွက်ထိုင် ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ အရိုးသားဆုံးဖြေကြည့်ပါ။
- ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ
- ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ
- အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ
- အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ (Reading/Writing/Listening/Speaking)
- ဘယ်လောက်ကြာကြာလေ့လာမှာလဲ
- အချိန်ဘယ်လောက်ပေးနိုင်သလဲ
- ငွေဘယ်လောက် အကုန်ခံနိုင်သလဲ
- စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား
လမ်းဆုံးအောင်လျှောက်
အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။ တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။ တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့ အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့ ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့ အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆ လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူ ထားပါ။
ကိုယ်တိုင်လုပ်နိုင်တာတွေ
- အင်္ဂလိပ်စာသင်တန်းတက်ပါ (ပုံမှန်သင်တန်းမျိုးကိုရွေးချယ်ပါ)
- အိမ်စာတွေကို မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ
- တစ်လကို အင်္ဂလိပ်စာအုပ် အနည်းဆုံးတစ်အုပ်ဖတ်နိုင်အောင် ကြိုးစားပါ
- နေ့စဉ် အင်္ဂလိပ်စာလုံး အသစ်အဆန်းတွေကို တစ်လုံးလောက်ဖြစ်ဖြစ်လေ့လာပါ
- အင်္ဂလိပ်စကားပြော နေ့တိုင်းလေ့ကျင့်နိုင်အောင်ကြိုးစားပါ
- အင်တာနက်ပေါ်တက်ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်၊ သတင်းတစ်ပုဒ်လောက် ဖြစ်ဖြစ် နေ့စဉ်ဖတ်ပါ
- နေ့စဉ် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်စေ၊ အင်္ဂလိပ်လိုစကားပြောကိုဖြစ်စေ ၁၀ မိနစ်ခန့်နားထောင်ဖို့ အချိန်ပေးပါ။
- တစ်လကို အင်္ဂလိပ်ရုပ်ရှင် (အင်္ဂလိပ်စာတန်ထိုး) အနည်းဆုံးတစ်ကြိမ်လောက်ကြည့်ဖြစ်အောင် လုပ်ပါ
- အင်္ဂလိပ်လို ပြဇာတ်၊ ဟာသ၊ ဇာတ်လမ်း (ရေဒီယို သို့မဟုတ် တီဗွီအစီအစဉ်မှာ) နားထောင်ပါ၊ ကြည့်ပေးပါ
အထက်ကဖော်ပြခဲ့တာတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို ဆုပေး/ဒဏ်ပေးလေးတွေ လုပ်သင့်ရင် လုပ်ရမယ်။ ပြေထားခဲ့တာတွေအတိုင်း လုပ်နိုင်ခဲ့ရင် တစ်လကိုတစ်ကြိမ် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။ မလုပ်ဖြစ်ရင်လည်း အဲဒါတွေကို မခံစားဘဲနေနိုင်အောင် အပြစ်ပေးပါ။
- ရုပ်ရှင်ကြည့်မယ်/ အလည်သွားမယ်
- ကြေးအိုးထွက်သောက်မယ်/ တစ်ခုခု ကောင်းတာစားမယ်
- အ၀တ်အစားဝယ်မယ်
- အလှပြင်ဆိုင်သွားမယ်/ ကာရာအိုကေဆိုင်သွားမယ်
ဘယ်လိုလေ့လာရမလဲ
လေ့လာနည်းအမျိုးမျိုးရှိတယ်။ ဘယ်နည်းလမ်းက ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မလဲ လေ့လာကြည့်မယ်။
ဗီဒီယိုအခွေနဲ့ လေ့လာချင်တယ်ဆိုသူတွေက
- ဆရာက ရုပ်သံကနေ ပြောနေတာတွေကို နားလည်သလား
- အများနဲ့ထိုင်ကြည့်ရတာကြိုက်သလား၊ တစ်ယောက်တည်းကြည့်ရတာကြိုက်သလား
- ပြောနေတာထက် ပုံတွေ၊ သက်ရှိ၊ သက်မဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ရှင်းပြတာကို ပိုကြိုက် သလား
- နားထောင်ရုံသက်သက်ကိုကြိုက်သလား၊ အပြန်အလှန် မေးရတာကိုကြိုက်သလား
အကြံပြုချက် - သင်ခန်းစာကို ကြည့်ရုံ၊ ကြားရုံသက်သက်ထက်၊ စာသင်နေသလိုမျိုး ပျင်းစရာကောင်းအောင် ထိုင်နားထောင်နေရတာထက် ဇာတ်လမ်းဆန်ဆန် သင်ကြားတဲ့ သင်ခန်းစာမျိုးကို ရွေးချယ်ကြည့်သင့်တယ်။
ကက်ဆက်နဲ့ပဲနားထောင်ချင်တယ်ဆိုသူတွေက
- နှုတ်ပြောကိုနားထောင်ရတာဆိုတော့ native speaker တွေရဲ့ အသံတွေကို နားထောင်နေတာ ဟုတ်ရဲ့လား
- အင်္ဂလိပ်စာမှာ အသံ အနိမ့် အမြင့်၊ အတို အရှည်၊ အနှေး အမြန်ဆိုတာတွေကို ကွဲပြားအောင် ထွက်ပြနေတဲ့အခွေဟုတ်ရဲ့လား
- သူပြောတာတွေကို နားလည်ရဲ့လား၊ သိချင်တာတွေကို လိုက်မှတ်နိုင်ရဲ့လား
အကြံပြုချက် - ရေဒီယိုအသံလွှင့်ချက်တွေကိုလည်း နားထောင်သင့်တယ်။ ကိုယ်ပြောတာလည်း အသံဖမ်းထား ပြီး ပြန်နားထောင်သင့်တယ်။