၁
စာတွေ (words) ဟာ အသံတွေ (sounds) နဲ့ ဆက်စပ်နေပါတယ်။ အင်္ဂလိပ်စာမှာ စာနဲ့အသံ ဆက်စပ်မှုကို မှန်ကန်အောင်မသုံးတတ်ရင် ဒုက္ခတွေ့တတ်ပါတယ်။ အင်္ဂလိပ်စာမှာ taboo လို့ခေါ်တဲ့ ရှောင်ရန်ကိစ္စတွေ အများကြီးရှိတယ်။ ဆောင်ရန်တွေပဲသင်ပြီး ရှောင်ရန်တွေမသင်ရင် ကြာတော့ မရှောင်တော့ဘူးပေါ့။ ဒါက လည်း ဝေါဟာရအသစ်တွေ ထပ်ထပ်တိုးလာပြီး အသစ်တွေသုံးရင်းနဲ့ အဟောင်းတွေကိုမေ့တာလည်း ဖြစ်နိုင် တယ်။ အဟောင်းတွေမေ့တော့ သုံးရမှန်းမသိ၊ မသုံးရမှန်းမသိ သုံးမိလိုက်တော့ ဒုက္ခရောက်ကုန်ရော။ အဲဒီလို မသုံးရတဲ့နေရာမှာ သုံးရင် အန္တရာယ်ရှိပြီပေါ့။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန်မှာ လူမှုရေးပြောင်းလဲမှုတွေ အများကြီးဖြစ်ခဲ့တယ်။ “ရှောင်ရန်” ဆိုတဲ့စကားတွေကို မသိတော့ဘူး။ ဒီတော့ မသုံးရမယ့်နေရာတွေမှာသုံး၊ သုံးရမယ့်နေရာတွေမှာ မသုံးမိဘဲ ဒုက္ခတွေ့ကြရတယ်။
အမေရိကန်တွေ ဘာကို ရှောင်ကြသလဲ
အမေရိကန်တွေ ဆရာဝန်အခန်းကလွဲပြီး မပြောတဲ့စာလုံးတွေရှိတယ်။ အဲဒီစာလုံးတွေကတော့
- ကိုယ်ခန္ဓာရဲ့ လိင်ဆိုင်ရာ အစိတ်အပိုင်းတွေ
- လိင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေ
- ရေချိုးခန်းထဲက အလုပ်တွေ
- မစင်ကိစ္စတွေ
- အော့အံတာနဲ့ နှပ်ညှစ် နှပ်ကလော်တဲ့အကြောင်းတွေ
- ကင်ဆာ၊ သေခြင်း၊ အသုဘကိစ္စတွေနဲ့ ပတ်သက်တဲ့စာလုံးတွေကို ရှောင်ရန်အနေနဲ့ သတ်မှတ်ထား ကြတယ်။
အမေရိကန်တွေက ဘာသာရေးအကြောင်းတွေ၊ နိုင်ငံရေးအကြောင်းတွေနဲ့ လူမျိုးရေးကိစ္စတွေကိုလည်း ပြောဖို့ ရှောင်လေ့ရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အယူအဆ သဘောတရားမတူဘဲ ငြင်းခုန်ရမှာစိုးရိမ်ကြလို့ပဲ။
Meledicta (bad word) အပိုင်းမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ရိန်းဟိုး အာမင်က ရှောင်ရန်စာလုံး သုံးမျိုးကို ခွဲခြားပြထားတယ်။
၁။ မဖွယ်မရာစာလုံးများ (obscenities)
၂။ စော်ကားမော်ကား ကြမ်းတမ်းစွာပြောဆိုတဲ့ စာလုံးများ (blasphemies)
၃။ မတော်မတရား စွပ်စွဲပြောဆိုတဲ့စာလုံးများ (slurs) ဆိုပြီးဖြစ်တယ်။
မဖွယ်မရာစာလုံးတွေဆိုတာက
အောက်တန်းကျပြီး ရိုင်းပျတဲ့စာလုံး အသုံးအနှုန်းတွေပါ။ ဥပမာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ လိင်ဆက်ဆံမှု ဆိုင်ရာတွေ၊ မစင်နဲ့ပတ်သက်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က အဲဒီစကား လုံးတွေကို လွတ်လပ်စွာသုံးခဲ့ကြတယ်။ ရိုင်းတယ်လို့လည်း မသတ်မှတ်ကြဘူး။ ဥပမာ “cock, fuck, shit” ဆိုတဲ့ စကားလုံးတွေပဲဖြစ်ပါတယ်။
စော်ကားတဲ့စကားလုံးတွေဆိုတာက
ဘာသာရေးဆိုင်ရာနဲ့ပတ်သက်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ ဥပမာ “God damn it” “Go to Hell” “Jesus Christ” ဆိုတဲ့စကားတွေကိုထည့်သုံးတာ ရိုင်းတယ်လို့ ယူဆကြပါတယ်။
မတော်မတရားစာလုံးတွေဆိုတာက
လူမျိုးရေးနဲ့ပတ်သက်တဲ့ စကားလုံးတွေဖြစ်ပါတယ်။ အဲဒီစာလုံးတွေ သုံးရင် အန္တရာယ်ရှိတတ်ပါတယ်။ ဥပမာ “kike, wop, nigger” ဆိုတဲ့ စကားလုံးတွေဖြစ်တယ်။ မသုံးမိအောင် ရှောင်သင့်ပါတယ်။
အမေရိကန်မှာ ဘာကြောင့် ရှောင်သင့်တာတွေ ရှောင်ရမှာလဲ
အမေရိကန်သမိုင်းမှာ ဘယ်စာလုံးတွေကို ရှောင်သင့်တယ်လို့ ကြေညာတဲ့ အဖွဲ့အစည်းတစ်ခုရှိတယ်။ အဲဒီအဖွဲ့ က ခွင့်ပြုလိုက်ရင်တော့ သုံးဖို့သေချာသလောက်ဖြစ်သွားပြီ။
အင်္ဂလိပ်စကားပြောအဖွဲ့ကို အမေရိကန်မှာ ၁၆၀၀ ပြည့်နှစ်လောက်ကတည်းက စတင်ထူထောင်ခဲ့တယ်။ အင်္ဂလန်ကနေ အမေရိကကိုရောက်လာသူတွေဟာ သူတို့စိတ်ကြိုက်ဘာသာရေး၊ စိတ်ကြိုက်ပုံစံတွေနဲ့ နေထိုင် ကြတယ်။ ပြူရီတန်တွေ၊ ခွဲထွက်ရေးဝါဒီတွေနဲ့ အခြား ရှေးရိုးခရစ်ယန်တွေက လိင်ကိစ္စတွေနဲ့ ပတ်သက်ရင် တင်းကျပ်ကြတယ်။ လိင်ကိစ္စဆိုတာ သူတို့အတွက် ကလေးမွေးတဲ့ကိစ္စတစ်ရပ်အနေနဲ့ပဲ သဘောထားကြ တယ်။ လိင်ကိစ္စကို အခြားသူတို့နားလည်ထားတာက အပြစ် (ဘုရားသခင်ကို ဆန့်ကျင်တဲ့အပြစ်) ဖြစ်တယ်။ ခရစ်ယန်ဘုရားကျောင်းတွေက လိင်ကိစ္စဆိုတာ ဖုံးကွယ်ထားရမယ်၊ နားနဲ့လည်း နားမထောင်ရ၊ မျက်စိနဲ့လည်း မကြည့်ရဆိုပြီး တားမြစ်ထားကြတယ်။ အဲဒီ စာလုံးမျိုးတွေကို လူကြားသူကြားမှာသုံးရင် အပြစ်ရှိတာကြောင့် ရှောင်ရန်စာရင်းဝင်ဖြစ်သွားတယ်။
နောက် နှစ်ပေါင်း ၄၀၀ လောက်အကြာ ခုခေတ်မှာ အမေရိကန်တွေကို ရှေးရိုးစဉ်လာတွေ လွှမ်းမိုးနေတာ ကျန် သေးတယ်။ ယေဘုယျပြောရရင် အမေရိကန်တွေဟာ စည်းစနစ်တင်းကျပ်လွန်းတဲ့ ပြူရီတန်တွေလို့ပြောရမယ်။ ဒါကြောင့် သူတို့ ဝတ်လစ်စလစ်ဆိုတာတွေ၊ လိင်ကိစ္စတွေ၊ ရေချိုးခန်းအကြောင်းတွေ သိပ်မပြောတတ်ကြဘူး။ အဲဒီ စကားလုံးတွေကို သုံးဖို့လည်း စိတ်မသက်မသာဖြစ်ကြတယ်လို့ဆိုတယ်။
သမ္မာကျမ်းဆိုတာ ခရစ်ယန်တွေအတွက် မြင့်မြတ်တဲ့စာအုပ်ပါ။ အချို့အစိတ်အပိုင်းတွေဟာ ဂျူးလူမျိုး တွေရဲ့ကျမ်းမှာ အခြေခံလာတယ်။ ဂျူးတွေက ဘုရားသခင်ရဲ့ အမည်နာမတော်ကိုခေါ်တာ တားမြစ်ထားတယ်။ ဘုရားသခင်ရဲ့ နာမတော်ကို ခေါ်လိုက်တာဟာ “အလကားကောင်” “တန်ဖိုးမဲ့တဲ့ကောင်” ဆိုတဲ့သဘောသက် ရောက်နေတတ်တယ်။ ဘုရားသခင်ရဲ့အမည်ကိုခေါ်တယ်ဆိုတာ နာမတော်နဲ့ကျိန်ဆဲတဲ့သဘော၊ စော်ကား ပြောဆိုတဲ့သဘောဖြစ်တာကြောင့် ရှောင်သင့်တယ်။
အမေရိကမှာက လူမျိုးရေးပဋိပက္ခတွေဟာ ရာဇ၀င်နဲ့ချီပြီးရှိခဲ့တယ်။ ၁၆၁၉ ခုနှစ်ကနေ ၁၈၆၃ ခုနှစ်အထိ လူဖြူမြေပိုင်ရှင်တွေဟာ (အထူးသဖြင့် တောင်ပိုင်းပြည်နယ်တွေမှာ) အာဖရိကတိုက်သားတွေကို ကျွန်တွေ အဖြစ်ခေါ်ပြီးခိုင်းကြတယ်။ အမေရိကန်ပြည်တွင်းစစ်ဖြစ်တော့ ကျွန်တွေဟာ တောင်ပိုင်းကနေ မြောက်ပိုင်းကို ထွက်ပြေးလာကြတယ်။ စစ်ပွဲအပြီး နှစ်ပေါင်း ၁၀၀ လောက်မှာ အာဖရိကတိုက်က လူမည်းတွေဟာ လူ့အခွင့် အရေးတွေကို အပြည့်အ၀ရရှိလာခဲ့ကြတယ်။ ပြည်နယ်တိုင်းမှာ မဲပေးခွင့်တွေကိုပါ ရရှိလာခဲ့ကြတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်မူရင်းဌာနေတိုင်းရင်းသား (အင်ဒီးယန်းလူနီများ) ကလည်း အမေရိကန်တို့နဲ့ တိုက်ပွဲပေါင်းများစွာ ဆင်နွဲခဲ့ကြတယ်။ လူနီတွေဟာ ရောဂါဘယကြောင့်၊ ငတ်မွတ်တာကြောင့်၊ စစ်ပွဲကြောင့် သေဆုံးကုန်ပြီးတော့ အမျိုးပျောက်သလောက်ဖြစ်ကုန်တယ်။
လူဖြူနဲ့ လူမည်းတွေကြား၊ လူဖြူနဲ့ လူနီတွေကြားမှာ ဆက်ဆံရေးဟာ လူမျိုးရေးပဋိပက္ခအသွင်ဆောင်ခဲ့တယ်။ ခုထက်ထိ ဒဏ်ရာတွေကမကျက်သေးဘူး။ တစ်ဦးနဲ့တစ်ဦး မုန်းတီးမှုတွေ၊ ရန်စောင်မှုတွေ၊ မနှစ်မြို့မှုတွေ ရှိနေ ကြသေးတယ်။ တစ်အုပ်စုက တစ်အုပ်စုကို နှိမ်ပြီး အရိုင်းအစိုင်းတွေ၊ ယုတ်ညံ့သူတွေအဖြစ် နှိမ်ခေါ်တတ်ကြ တယ်။ အဲဒီလိုခေါ်ဝေါ်သုံးစွဲမှုတွေကို ရှောင်ရန်စာရင်းထဲထည့်ထားတယ်။ တစ်ဦးနဲ့တစ်ဦး နှိမ်ပြီးမခေါ်မိအောင်၊ စိတ်အနာတရ မဖြစ်မိစေအောင် သတိထားပြီး သုံးစွဲကြရတယ်။ ဥပမာ “nigger” ဆိုတဲ့စကားလုံးဟာ အလွန် ရိုင်းစိုင်းတဲ့စကားလုံးအဖြစ် လူမည်းတွေက သတ်မှတ်ထားကြတယ်။ လူဖြူတွေကြားထဲမှာ သုံးနေတဲ့ အမေရိ ကန်အင်္ဂလိပ်စာမှာ အဲဒီလို ရှောင်ရန်စကားလုံးတွေ အများကြီးရှိနေတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူမျိုးစုပေါင်းများစွာ လာရောက်နေထိုင်ကြတယ်။ တစ်အုပ်စုနဲ့ တစ်အုပ်စု၊ မျိုးနွယ်တစ်စုနဲ့တစ်စုလည်း သိချင်မှသိတယ်။ ဘာသာစကားတွေခြားနားနေတာကြောင့် မသိကြတာများတယ်။ မျိုးနွယ်စုတစ်စုရဲ့အမည်၊ လူမျိုးတစ်ရဲ့အမည်ကိုတပ်ခေါ်တာဟာ ရိုင်းစိုင်းတဲ့သဘောသက်ရောက်တယ်။ ဥပမာ “ဟေ့ တရုတ်” ဆိုတဲ့အခေါ်အဝေါ်မျိုးကို ရှောင်ရမယ်။
လူမျိုးအုပ်စုတစ်စုနဲ့တစ်စုမှာ အာဏာရှိပုံချင်း၊ အခွင့်အရေးရပုံချင်း မတူညီတာတွေလည်း ရှိနိုင်တယ်။ ဥပမာ အမျိုးသမီးတွေ၊ ယောက်ျား မိန်းမ လိင်တူဆက်ဆံသူတွေ၊ မိန်းမလျှာ၊ ယောက်ျားရှာတွေ၊ မသန်စွမ်းသူတွေ၊ ကိုယ်ခန္ဓာအချိုးအစား အချိုးမကျသူတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ၀လွန်းသူ၊ ပုလွန်းသူ၊ ဆင်းရဲ လွန်းသူတွေဟာ ခွဲခြားဆက်ဆံခြင်းခံရတာတွေရှိတယ်။ သူတို့ကို နှိမ်ပြီးခေါ်တဲ့ အသုံးမျိုးတွေကို မသုံးမိအောင် ဂရုစိုက်သင့်တယ်။ သူတို့အားနည်းချက်ကို ထုတ်ဖော်ပြီးခေါ်တာဟာ စော်ကားတာပဲဖြစ်တယ်။
၂
ရှောင်ရန်စကားလုံးများ၏ စွမ်းအား
ပုံမှန် သုံးနေကျမဟုတ်တဲ့ စကားတွေကို ရှောင်သင့်ပါတယ်။ ဥပမာ နေ့စဉ် ကျောင်း၊ လုပ်ငန်း၊ မိသားစုထဲမှာ ပုံမှန်ပြောဆို သုံးနှုန်းလေ့မရှိတဲ့ စကားလုံးမျိုးတွေကို ပြောတာပါ။ အချို့သော စကားလုံးတွေမှာ မထင်မှတ်တဲ့ စွမ်းအားတွေ (ပါဝါတွေ) သွားရှိနေတတ်ပါတယ်။
ဥပမာ လူငယ်တွေ “cool” ဆိုတဲ့ စာလုံးကို သိပ်သုံးကြတယ်။ အဲဒီစာလုံးဟာ မိဘတွေနဲ့ ကျောင်းစည်းကမ်း တွေကို ဖောက်ဖျက်တယ်ဆိုတဲ့ သဘောလည်း သက်ရောက်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးရင်ဖြစ်စေ ဒေါသထွက်ရင်ဖြစ်စေ မသုံးသင့် မသုံးထိုက်တဲ့ ရှောင်ရန်စကားလုံး တဘူး (taboo) တွေနဲ့ တိုက်ခိုက် အော်ဟစ်တတ်ကြတယ်။
ယောက်ျားတွေ အချင်းချင်းတွေ့ရင် တဘူး တွေနဲ့ ကြမ်းတမ်းပက်စက်စွာပြောတတ်ကြတယ်။ ချစ်သူတွေ အချင်းချင်းလည်း ခံစားချက်တွေ အထွဋ်အထိပ်ရောက်နေချိန်မှာ တဘူးတွေကို သုံးတတ်တယ်။ လူပျက်တွေက လည်း ပွဲတွေမှာ အောက်ပိုင်းပျက်လုံးတွေလို့ခေါ်တဲ့ တဘူးတွေနဲ့ ပျက်လုံးထုတ်ပြီး ပရိသတ်ပွဲကျအောင် လုပ် တတ်ကြတယ်။
ဘာကြောင့် တဘူးတွေများလာရသလဲ
တဘူးတွေကို လူတွေ ဘာကြောင့် စိတ်ဝင်စားကြသလဲ။ အဲဒီလို မဟုတ်တရုတ်စကားတွေကိုပြောဖို့ လူတွေ အများဆုံး စဉ်းစားတတ်ကြတယ်။ ဥပမာ ယဉ်ကျေးတဲ့စကား (euphemisms) တွေနဲ့ ဗန်းစကား (slangs) တွေ ဟာ တဖြည်းဖြည်း တဘူးစကားတွေအဖြစ် ပြောင်းလဲအစားထိုး သုံးစွဲမှုတွေ များလာတာကြောင့်ဖြစ်တယ်။ ဥပမာ လူ့ခန္ဓာကိုယ်ရဲ့ ပခုံး၊ နားရွက်၊ ဒူးတွေမှာ တဘူးအဖြစ်သုံးတဲ့ အပြောင်အပျက်စကားလုံးတွေနည်းပေမယ့် လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေအတွက် ခေါ်ဝေါ်တဲ့ တဘူးတွေက ရာနဲ့ချီပြီးရှိနေတာတွေ့ရတယ်။
အန္တရာယ်ရှိတယ်ဆိုတာ ဘယ်လို သိနိုင်မလဲ
တစ်ယောက်ယောက်က မပြောမချင်းတော့ မသိနိုင်ဘူး။ ဒါကြောင့်လည်း ဒီလိုစာတွေကို ရေးနေရတာပေါ့။
အန္တရာယ်စကားလုံးတွေကို အဓိပ္ပာယ်အတိအကျ ဖွင့်ဆိုပြပါဆိုလို့လည်း ရချင်မှရတတ်တယ်။ ဥပမာ “buttocks, behind, ass” ဆိုတဲ့ စကားလုံးတွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ရည်ညွှန်းတဲ့အနေနဲ့ အဓိပ္ပာယ်တူ သုံးစွဲကြတယ်။ “Buttock” လို့သုံးရင် နည်းနည်းတော်သေးတယ်။ “Behind” ကနည်းနည်းပိုရိုင်း တယ်။ “Ass” ဆိုတာကတော့ အရိုင်းဆုံးအဆင့်အနေနဲ့ သတ်မှတ်တယ်။ ပိုပြီး ညစ်ပတ်တယ်။ သာမန်အခြေ အနေမျိုးတွေမှာပြောရင် မသုံးကြဘူး။ ကျောင်းတွေမှာ၊ စာရေးသားရာမှာ၊ လုပ်ငန်းခွင်မှာ မသုံးကြဘူး။ မဖြစ် မနေသုံးရတော့မယ်ဆိုရင်လည်း “ass” အစား “buttocks” လောက် “behind” လောက်ပဲ သုံးသင့်တယ်။
အသံထွက်ခေါ်ရတာ ပြဿနာရှာတတ်တဲ့ စကားလုံးတွေ သတိထားပါ။ ဥပမာ “Dick” ဆိုတဲ့စာလုံးမျိုးပေါ့။ အင်္ဂလိပ်တွေမှာ အဲဒီလိုအသံထွက်ဆင်ဆင် နာမည်တွေအများကြီးရှိတယ်။ သူတို့က ငယ်နာမည်အနေနဲ့ လှောင်ပြောင်ခေါ်ကြတာလည်းရှိတယ်။ Dick ဆိုတာ d ဆိုတဲ့စာလုံးနဲ့ စပေါင်းပါတယ်။ လူတိုင်းသိတဲ့ စကားလုံးပါ။ ယောက်ျားတွေရဲ့ လိင်အင်္ဂါကိုခေါ်တာပါ။ နာမည်ကိုခေါ်ချင်ရင် ခေါ်လို့ရပါတယ်။ ဒါပေမယ့် လူကြားထဲမှာ dick ဆိုတာကြီးကို မလိုအပ်ဘဲ ထုတ်မခေါ်မိအောင် သတိထားပါ။ Dick ဆိုတာ တဘူးမဟုတ် ပေမယ့် လူကြားလို့မတော်တာကြောင့် သူ့နေရာနဲ့သူ ကြည့်သုံးတတ်ရပါတယ်။
မသိဘဲ သုံးလိုက်မိရင်
ကိုယ့်ပတ်ဝန်းကျင်မှာ ခင်မင်တဲ့မိတ်ဆွေတွေရှိရင်တော့ သတိပေးပြီး ပြင်ပေးလိမ့်မယ်။ မျက်နှာစိမ်းတွေကြားမှာ ရောက်နေရင်တော့ အချို့ကပြုံးပြလိမ့်မယ်။ သူတို့က အင်္ဂလိပ်လို မကျွမ်းကျင်သေးဘူးဆိုတာ သဘောပေါက် တာကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ်က အရေးပါတဲ့သူတစ်ယောက်ဖြစ်နေရင် နောက်ကွယ်မှာ ကိုယ့်အတင်း ပြန်ပြောစရာ ဖြစ်သွားနိုင်တယ်။ အချို့ကလည်း ကိုယ့်ကို ပညာမတတ်သူ၊ အဆင့်အတန်းမရှိသူ၊ အောက်တန်း စား၊ ကိုယ်ချင်းစာစိတ်မရှိသူ၊ ယုတ်မာသူ၊ ရိုင်းစိုင်းသူလို့ သတ်မှတ်သွားနိုင်တယ်။
အန္တရာယ်များတာတွေသုံးရင် အန္တရာယ်ရှိပါတယ်။ ကိုယ့်ကို ရန်မူ၊ ရိုက်နှက်၊ ဆဲဆိုပြီး တုံ့ပြန်တဲ့အထိဖြစ်နိုင်ပါ တယ်။ ဒါကြောင့် ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်နိုင်အောင် သတိပြုသင့်တယ်။
၃
အသံ၏ အန္တရာယ်များ
အသံထွက် (pronuncing) ဆိုင်ရာ အခက်အခဲများ
အင်္ဂလိပ်စကားမှာ အသံ ၄၄ သံရှိတယ်။ အခြားဘာသာစကားတွေမှာတော့ ၂၅ သံနဲ့ အသံ ၃၀ ကျော်ကျော် လောက်ပဲရှိတယ်လို့ သိရတယ်။ အင်္ဂလိပ်စကားလုံးတွေဟာ အသံပိုင်းမှာ လျှာနေလျှာထားအရေးကြီးတယ်။ အသံထွက်မမှန်ရင် ပြဿနာတက်နိုင်တယ်။
အင်္ဂလိပ်စကားမှာ vowel sound အနေနဲ့ ၃၃ သံရှိတယ်။ ခုမှအင်္ဂလိပ်စာကို စတင်လေ့လာသူတွေ အနေနဲ့ အသံထွက်ရတာ၊ နားရေ၀အောင်လေ့လာရတာ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် တရုတ်၊ ပြင်သစ်၊ ဂရိ၊ အီတလီ၊ ဂျပန်၊ စပိန်တွေအနေနဲ့ အခက်အခဲတွေ ကြုံနိုင်ပါတယ်။
ဥပမာ အင်္ဂလိပ်စာမှာ / i: / ဆိုတဲ့ အသံဟာ e ကို သံရှည်ဆွဲပြီး ထုတ်ရတဲ့ အသံမျိုးပါ။ (Heat) ဆိုရင် e ကို သံရှည်နဲ့ထုတ်ပြီးဆိုမှ မှန်တယ်။ / I / ဆိုတာက hit လို စာလုံးမျိုးတွေကိုထွက်ဖို့ သုံးတယ်။ Heat နဲ့ hit အသံ ထွက်ချင်းကွာတယ်။
ရေကို အပူပေးမယ် “I’m going to heat the water” လို့ပြောရမယ့်နေရာမှာ “I’m going to hit the water” ဆိုတဲ့အသံထွက်သွားရင် ရေကိုအပူပေးတာ မဟုတ်တော့ဘဲ၊ ရေကို သွားပြီး တူနဲ့ထုတာဖြစ်သွားမယ်။
အသံထွက်မှန် မမှန် စမ်းကြည့်ရအောင်
အင်္ဂလိပ်စကားပြောနိုင်ငံကလူတွေကို အောက်မှာဖော်ပြထားတဲ့ စကားလုံးတွေ သွားဖတ်ခိုင်းရင် ကိုယ်သိထား တာ၊ ကိုယ်အသံထွက်နေတာနဲ့ ကွာခြားတယ်ဆိုတာ သိသာလိမ့်မယ်။ အသံထွက်က တူတယ်ထင်ရပေမယ့် မတူပါဘူး။ ပြီးရင် native speaker ကို ကိုယ်ထွက်တဲ့အသံ မှန် မမှန်ပြန်နားထောင်စေသင့်တယ်။ ကဲ ဒီစာလုံးတွေကို မှန်ကန်အောင် အသံထွက်နိုင်မယ် ထင်ပါသလား။
sick, seek
sin, seen
ship, sheep
did, deed
chip, cheap
fill, feel
lip, leap
pill, peel
still, steal
အသံထွက်ကြည့်ရတာ အဆင်မပြေရင် သတိထားဖို့လိုမယ်။
ဥပမာ sheet ဆိုတဲ့စကား မှားသွားရင် ပြဿနာရှိတယ်။ Sheet ဆိုတာ အိပ်ရာခင်းကိုပြောတာ။ Sheet လို့ အသံထုတ်ရမယ့်နေရာမှာ shit လို့သွားထုတ်လိုက်မိရင် မစင်ဖြစ်သွားပြီး ရိုင်းပျတဲ့အသုံးမျိုးဖြစ်သွားနိုင်တယ်။
ဥပမာ နည်းနည်းလောက်လိုချင်တယ် piece ဆိုတဲ့နေရာမှာ piss ဆိုတဲ့ အသံနဲ့ သွားသုံးလိုက်ရင် သေးပေါက် တာဖြစ်သွားလိမ့်မယ်။
အမေရိကန်တွေအတွက်တော့ အဲဒီအသံအမှားဟာ ရယ်စရာဖြစ်သွားနိုင်သလို ကိုယ့်ကိုလည်း စိတ်ပျက်သွား စေနိုင်ပါတယ်။
ထွက်သင့်တဲ့အသံ မထွက်သင့်တဲ့အသံ
Beach (bi:tƒ) bitch (bitƒ)
Piece (pi:s) piss (pis)
Sheet (ƒi:t) shit (ƒit )
အခြား vowel sound တွေမှာလည်း ပြဿနာရှိနိုင်တာတွေက
ထွက်သင့်တဲ့အသံ မထွက်သင့်တဲ့အသံ
Six (siks) sex (seks)
Fork (fç:k) fuck (f4k)
Folks (fouks) fucks (f4ks)
Fox (f2ks) fucks (f4ks)
Slot (sl1t) slut (sl4t)
Kirk (kå:rk) cock (k1k)
Her (hå:r) whore (hç:r)
Can’t (kænt) cunt (k4nt)
အင်္ဂလိပ်အသံမှာ /th / ဆိုတဲ့ (ø) နဲ့ (Å) အသံကို ကွဲပြားစွာထွက်ဖို့ အခက်တွေ့တတ်ပါတယ်။ အဲဒီ အသံကို သူတို့ဆီမှာလည်း ၁၃ နှစ်ကျော်လောက်မှ မှန်တယ်လို့ဆိုတယ်။ ဒီ အသံထွက်တွေဟာ အခြားဘာသာစကား တွေမှာ မရှိနိုင်တာကြောင့် ထွက်ဖို့ခက်ခဲနိုင်ပါတယ်။
မှတ်ချက်
ဇော်ဂျီ font တွင် phonatic sign များမရှိသဖြင့် စာလုံးအမှန်မပေါ်ခြင်းကို ခွင့်လွှတ်ပါရန်
Monday, May 27, 2013
အန္တာရယ်များသေား အင်္ဂလိပ်စကား
6:19 PM
No comments
0 comments:
Post a Comment