ပေါက်လွှတ်ပဲစားတို့ရဲ့ မြစ်ဖျား
မောင်လူရေး
မြပုဏ္ဏမာအဖွဲ့သားတွေနဲ့ ပြည်သူ့အငြိမ့်ဆိုပြီး ဇာဂနာ၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ကုသိုလ်၊ အရိုင်းတို့နဲ့ သီးလေးသီးတို့ ပြည်သူ့ရင်ပြင်မှာ အငြိမ့်ကကြတယ်။ ဘယ်ရက်ကလဲတော့ မသိဘူး။ အဲဒီပွဲမှာ ဟာသတွေကို တခန်းရပ်ဆန်ဆန် ပြောရမလားမသိဘူး၊ ပြက်လုံးထုတ်ကြတယ်။
ပြက်လုံးတွေထဲမှာ ဆန္ဒပြပွဲတွေကို သရော်တဲ့အခန်းပါတယ်။ “ဒို့အရေး ဒို့အရေး“ နဲ့ “အလိုမရှိ” ဆိုတဲ့ စာတမ်းတွေ ကိုင်ပြီး ဆန္ဒပြကြတဲ့ အခန်းကို အရိုင်းက ဦးဆောင်တယ်။ ဇာဂနာက မီဒီယာပေါ့လေ။ အဲဒီပြက်လုံးမှာ ဆန္ဒပြသူတွေဟာ အဖြစ်အပျက်တိုင်း၊ နေရာတိုင်း၊ မြို့တိုင်းမှာ ဒီလူတွေချည်းဘဲ၊ ဒီအဖွဲ့ဘဲဆိုတဲ့သဘောကို ပြတာပေါ့လေ။ လွိုင်ဇာလိုနေရာတောင် ဒီလူတွေကဘဲ လိုက်ပြနေတဲ့ သဘောပြော ထားသေးတယ်။ နေ့ရောညပါ နေရာတကာ ဒီလူတွေပါဘဲပေါ့။ စားဖို့ဘယ်က ပိုက်ဆံရလဲလို့ မီဒီယာဇာဂနာက မေးတော့ ဆန္ဒပြခေါင်းဆောင် အရိုင်းက တနေ့ကို သုံးထောင်ရတယ်ဟဲ့လို့ ဖြေတယ်၊ အဲဒီမှာတောင် အရိုင်းက ယောက်ျားလေးတယောက်အနေနဲ့ မဟုတ်ဘူး၊ အမျိုးသမီးအသွင်ဆောင်တာလား၊ အခြောက်အသွင်ဆောင်တာလားမသိဘူး၊ အမျိုးသမီးအဝတ်အစားတွေ ဝတ်ထားသေးတယ်။
အဲဒီပြက်လုံးကြည့်ရတုန်းက ရင်ထဲတော်တော်အောင့်တယ်။ ပိုဆိုးတာက ပြောတဲ့သူတွေက ဇာဂနာတို့ ဖြစ်နေတာကိုး။ ဒို့ပြည်သူတွေ ဒုက္ခမျိုးစုံရောက်၊ ဦးပိုင်၊ ဝမ်ဘောင်၊ ခရိုနီကြီးတွေ၊ တပ်မတော်တွေ၊ ရဲတွေ၊ ကုမ္ပဏီကြီးတွေ၊ အစိုးရတွေနဲ့ အားမမျှ အင်မမျှ၊ ယက်ကန်ယက်ယက် ရင်ဆိုင်နေကြရတဲ့အချိန်မှာ ဒီလိုမျိုးပြက်လုံးထုတ်ပြီး သရော်ရက်လောက်အောင် ဒီလူတွေ နှလုံးသားတွေ ဘာတွေဖြစ်ကုန်ပြီလဲပေါ့။
“ဇာဂနာတို့ထောင်ကျတော့ ဒီလို အငြိမ်မနေနိုင်သူတွေ (သူများအရေး၊ နိုင်ငံတော်အရေး ကိုယ့်အရေးမှတ်သူတွေ) က ကိုယ့်ထမင်းကိုယ်စား တောင်းဆိုခဲ့ကြတာပါ။ တောင်းဆိုတဲ့ထဲမှာ အရိုင်းတို့တောင် ပါခဲ့မယ်မထင်ပါဘူး။”
သမ္မတကြီးက အဲဒီအငြိမ့်ခွေများ ကြည့်မိသလားမသိဘူး၊ ဇာတ်သမားရဲ့ ဘလပ်စကားတွေ ယုံပြီးတော့လား၊ ဇာဂနာတို့ ရှေ့က ရှိတာဘဲ၊ ဂွင်တော့တွေ့ပြီဆိုပြီး သိသိကြီးနဲ့ နင်းလိုက်သလား မသိဘူး၊ သုံးထောင်ရလို့ ဆန္ဒပြကြတာဆိုတဲ့ ပေါက်လွှတ်ပဲစားစကားတွေ အမေရိကန်လိုနိုင်ငံကြီးသွားတုန်း ပြောမိပါလေရော့။
သမ္မတရော၊ ပြည်သူရော ဂွမ်းတာပဲ။
ဟော ခုတော့ ရန်ကုန်မှာ သမ္မတကြီးရဲ့ ပေါက်လွတ်ပဲစားစကားကို မကျေနပ်လို့ ဆန္ဒပြကြတယ်တဲ့။
ကဲ ... တရားခံဘယ်သူလဲဆိုတာ သိပြီမဟုတ်လား။
ပြည်သူ့ရင်ပြင်မှာကတဲ့ ပြည်သူ့အငြိမ့်က ပြည်သူ့အချစ်တော် လူရွှင်တော်ဆိုတာကြီးတွေလေ။
တကယ်က လက်ရှိနိုင်ငံရေးအခြေအနေကို အကြောင်းပြုပြီး ပြည်တွင်းပြည်ပ အကျိုးဗရပွ ခံစားနေကြရသူတွေထဲမှာ အဲဒီဆန္ဒပြ လမ်းပေါ် နိုင်ငံရေးသမားတွေ၊ အငြိမ်မနေနိုင်သူတွေ မပါကြပါဘူး။
အခုတလော ပြည်သူကို အထင်သေးကြတဲ့အထဲမှာ သမ္မတအကြံပေးတွေ၊ နိုင်ငံရေးသမား လူရွှင်တော်တွေ၊ လူထုခေါင်းဆောင်တွေ၊ ခရိုနီတွေ၊ အမတ်တွေ၊ INGOs ဝန်ထမ်းတွေ၊ မဟာဗျူဟာသမားတွေ၊ ပေါလတီကယ်ဆိုင်းယင့်ဆင်းတွေ တော်တော်လေး တွေ့ရပါတယ်။ အဲ အဲ ဖတ်နေ ကြားနေရပါတယ်။
ငါမကယ် သေဖွယ်ရှိ ဆိုတဲ့ စကားမျိုးတွေနဲ့ပေါ့လေ။ ငါကယ်တင်လိုက်မှဘဲ နေရာပျောက်၊ ရေပါနောက်နဲ့ သေရွာရောက်ကုန်ကြတာတွေ အများကြီးပါ့။ လက်ပံတောင်းတောင်ပြဿနာဘဲ ကြည့်ပေါ့လေ။
ခု အဲဒီလို သမ္မတကြီးက ကိုယ့်ပြည်သူပြည်သားတွေရဲ့ ခံစားချက်တွေကို မသိဘဲ၊ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေမှန်ကို နားမလည်ဘဲ၊ ဒါမှမဟုတ် မသိကျိုးကျွန်ပြုပြီး သရော်စော်ကား ပြောလိုက်တဲ့စကားကို မကျေနပ်လို့ ဆန္ဒပြနေကြတယ်။ ဝိုင်းသမနေကြတယ်။ တကယ်တရားခံက ပြည်သူ့အသံဆိုတဲ့ မြပုဏ္ဏမာအဖွဲ့သားတွေပါ။ ခရိုနီ့အသံလား၊ ပလိုဂျိအသံလား၊ အလိုရိအသံလား၊ ဘယ်ပြည်သူ အဲလေ ဘယ်အဆီထူရဲ့ အသံကို ကိုယ်စားပြုတယ်တော့ မသိဘူးပေါ့လေ။
ဒီဟာသအကွက်ကို ဘယ်သကောင့်သားရဲ့ ရင်တွင်းက ဖြစ်သလဲတော့ မေးရတော့မှာပေါ့လေ၊ ပွင့်လင်းမြင်သာမှုကို တောင်းဆိုနေတဲ့ ကမ္ဘာ့အဆင့်မီ မဟာဒီမိုကရေစီလူရွှင်တော်ကြီးတွေ ဆိုတော့ကာ၊ နောက်ပြီး ပြည်သူ့အသံကိုယ်စားလှယ်ကြီးရှင်တွေ ဆိုတော့ကာ ပြည်သူကို ပြောလိမ့်မယ်ထင်ပါတယ်။
ဇာဂနာတို့ထောင်ကျတော့ ဒီလိုအငြိမ်မနေနိုင်သူတွေ(သူများအရေး၊ နိုင်ငံတော်အရေး ကိုယ့်အရေးမှတ်သူတွေ) က ကိုယ့်ထမင်းကိုယ်စား တောင်းဆိုခဲ့ကြတာပါ။ တောင်းဆိုတဲ့ထဲမှာ အရိုင်းတို့တောင် ပါခဲ့မယ်မထင်ပါဘူး။
မောင်လူရေး
(မိုးမခဘလော့မှ ကူးယူဖော်ပြသည်။)
0 comments:
Post a Comment